Friday, May 31, 2019

Plane spotting လေယာဉ်တွေကို စောင့်ပြီး ဓါတ်ပုံရိုက်တဲ့ ဝါသနာ (ယူနီကုဒ်)


Plane spotting လေယာဉ်တွေကို စောင့်ပြီး ဓါတ်ပုံရိုက်တဲ့ ဝါသနာ
လေယာဉ်တွေကို စောင့်ပြီး ဓါတ်ပုံရိုက်တဲ့ ဝါသနာဟာစိတ်ဝင်စားစရာကောင်းပါတယ်။
လူအများစုဟာလေယာဉ်တွေ ပျံတက် ပျံဆင်းတာ ကြည့်ရတာ စိတ်ဝင်စားပေမဲ့ အဲဒီလေယာဉ်တွေကို အချိန်ကုန်ခံ အပင်ပန်းခံပြီး စောင့်ကြည့်ဖို့ ဓါတ်ပုံရိုက်ဖို့အထိ စိတ်ဝင်စားတာကတော့နည်းပါတယ်။
httpswww.bne.com.aupassengershop-dine-exploreexploreplane-spotters

Plane spotting ဟာ ငှက်တွေကို စောင့်ကြည့် ဓါတ်ပုံရိုက်တဲ့ birding/ bird watching နဲ့ ဆင်ပေမဲ့ မတူတာတွေ အများကြီးရှိပါတယ်။
ငှက်တွေကို စောင့်ကြည့်တဲ့အခါ ဘာငှက်မျိုးကိုတွေ့ရမယ် ဘယ်လောက် စောင့်ရမယ်လို့ ခန့်မှန်းဖို့ခက်သလို သူတို့ရဲ့ ထူးခြားတဲ့ သဘာဝ၊ အပြုအမူ၊ မျိုးစိပ်သစ်တွေကိုလည်း မမျှော်လင့်ဘဲ တွေ့ရှိမှတ်တမ်းတင်ရနိုင်ပါတယ်။
ဒီဘက်ခေတ် plane spotting ကတော့ ဘယ်အချိန် ဘယ်လေယာဉ်လာမယ် ဘယ်လေယာဉ်တက်မယ် ဘာအမျိုးအစား ဘယ်နံပတ်ဆိုတာပါ အင်တာနက်မှာ အချိန်နဲ့ တပြေးညီ ပြနေပါတယ်။ Flight Radar 24  တို့ Fligthaware တို့လို website တွေမှာ ကိုယ်လိုသလို ရှာတတ်ဖို့ပဲလိုပါတယ်။
သူတို့မသိနိုင်တာကတော့ စစ်လေယာဉ်တွေ အတက်အဆင်းကိုပါ။


တချို့လေဆိပ်တွေဟာ plane spotter တွေ အတွက် အလွန် အဆင်ပြေပေမဲ့ တချို့လေဆိပ်တွေကတော့ အတော့ကိုအဆင်မပြေပါ။



တချို့နိုင်ငံတွေမှာ လေဆိပ် ထိန်းချုပ်မျှော်စင် (ATC) နဲ့ ပိုင့်လော့တွေ ပြောနေကြတာကို မိမိရေဒီယိုနဲ့ ဖမ်းယူတာ ခွင့်ပြုပါတယ်။ ဘယ်လေဆိပ်က ဘာအတွက် ဘယ်ဖရီကွင်စီကိုသုံးတယ် ဆိုတာကိုတော့လေ့လာထားရပါတယ်။ သာမန်ရေဒီယိုတွေက အဲဒီလှိုင်းတွေကို ဖမ်းလို့မရပါ။
တချို့လေဆိပ်တွေက ရေဒီယိုဆက်သွယ်တာတွေကို ဒီမှာ https://www.liveatc.net/ နားထောင်လို့ရပါတယ်။ 
plane spotter တွေဟာ ရေဒီယိုကိုဖွင့်ပြီး နားထောင်ရင်း လေယာဉ်အတက်အဆင်းကို ကြည့်ရ ဓါတ်ပုံ၊ ဗီဒီယို ရိုက်ရတာ အတော် အရသာရှိပုံရပါတယ်။ အထူးသဖြင့် ဆိုးရွားတဲ့ ရာသီဥတုမှာ ပိုင်းလော့နဲ့ လေယာဉ်ကွင်း မျှော်စင်တို့ ပြောတဲ့ စကားတွေကို ရေဒီယိုကဖမ်းရင်း လေယာဉ် ခက်ခက်ခဲခဲဆင်းလာတဲ့ ဗွီဒီယို တွေကိုမှတ်တမ်းတင်ထားတာ ယူတျုဘ်မှာ တွေ့နိုင်ပါတယ်။



တချို့လေဆိပ်တွေမှာ ခြံစည်းရိုးစပ်အထိသွားပြီး ဓါတ်ပုံရိုက်လို့ ရပေမဲ့ တချို့လေဆိပ်တွေမှာ မြေအနေအထားက ခြံစည်းရိုးစပ်အထိသွားလို့မရသလို လုံခြုံရေးအရ တားမြစ်ထားတာတွေလည်းရှိပါတယ်။ တချို့လေဆိပ်တွေမှာ ခြံစည်းရိုးပတ်ချာလည် အပင်ကြီးတွေက ကာနေတတ်ပါတယ်။

ထူးထူးခြားခြား အလယ်အမေရိက စိန့်မာတင်ကျွန်းက Princess Juliana International Airport ကတော့ လေဆိပ် အစပ်နဲ့ ပင်လယ်ကမ်းကပ်နေပြီး ဆင်းလာတဲ့ လေယာဉ်တွေက အလွန်နိမ့်တာကြောင့် ဂျက်လေယာဉ်အင်ဂျင်တွေရဲ့ တွန်းကန်မှုကြောင့် အောက်တည့်တည့်မှာ နီးကပ်စွာရှိသူကို ထိခိုက်နိုင်ကြောင်း ဆိုင်းဘုတ်တွေပါထောင်ထားရပါတယ်။ အဲဒီက ကမ်း‌ခြေကိုလည်ရင်း လေယာဉ်မျိုးစုံကို အနီးကပ် ဗွီဒီယို ၊ဓါတ်ပုံရိုက်ရတဲ့ အတွေ့အကြုံမျိုးကိုတော့ တခြားဘယ်မှာမှ ရမယ်မထင်ပါ။


plane spotter အားလုံးနီးပါးဟာ လေယာဉ်တွေ၊ လေဆိပ်၊ လေကြောင်းလိုင်း တွေ အကြောင်း အတော်များများ လေ့လာထားကြပြီး မြင်တာနဲ့ ဘာလေယာဉ်ရယ်လို့ ပြောနိုင်ကြပါတယ်။

သူတို့လိုတာကတော့

(၁) စိတ်ရှည်မှု၊
(၂) အဝေးကိုဆွဲအား‌ကောင်းတဲ့ (သာမန်အားဖြင့် 55 – 500 မီလီမီတာ) မှန်ဘီလူးပါ ကင်မရာကောင်းကောင်း။ ( DSLR camera ကိုသာအသုံးများကြပါတယ်။ Bridge ကင်မရာတွေက မှန်ဘီလူးဆွဲအားပိုကောင်းပေမဲ့ အရှိန်နဲ့ ချည်းကပ်လာတဲ့ လေယာဉ်ကို လိုက်ရိုက်တဲ့ အခါ မော်တာနဲ့ ကြုံ့၊ ဆန့်တဲ့ မှန်ဘီလူးက နှေးလို့  လေယာဉ်ရဲ့ ရွေ့လျားမှုကို လိုက်လို့ မမှီတာများပါတယ်။ ဝေးဝေးကနေရိုက်ရင်တော့ ရပါတယ်။ ဝေးပြန်တော့ ကင်မရာ နည်းနည်းရွေ့တာနဲ့ မြင်ကွင်း အလွန်ဝေးဝေးကို ပြောင်းပြီး မိမိလိုချင်တဲ့ ပုံရိပ်ပျောက်သွားတတ်ပါတယ်။ ချောင်းကြည့်ပေါက်မပါတဲ့ ကင်မရာတွေမှာ စကရင်ပေါ်ကပုံကို နေရောင်အောက်မှာ ကြည့်လို့ မလွယ်လို့ သိပ် အဆင်မပြေပါ။ )
(၃) အချက် အလက်တွေကို ကြိုတင်စုဆောင်းမှု
  • -      ကိုယ်သွားစောင့်မည့် လေဆိပ်နဲ့ ပတ်ဝန်းကျင်အနေအထား
  • -      ကိုယ်သွားစောင့်မည့် လေဆိပ်မှာ spotting လုပ်လို့ရမည့်နေရာများနဲ့ အဲဒီနေရာတွေကို ဘာနဲ့ ဘယ်လိုသွားလို့ရယ်။ (ဒီအကြောင်းတွေကို ဝါသနာတူများအချင်းချင်းရှဲထားတဲ့ ဘလော့တွေ ဆိုရှယ်မီဒီယာဂရုတွေကနေရနိုင်ပါတယ်။ )

  • -      လေဆိပ်မှာ ဘယ်ပြေးလမ်းကို ဘာအတွက်သုံးတယ်, ( အဆင်းလား အတက်လား) ဘယ်ဘက်ကိုဦးတည်သလဲ ။
  • -      ရာသီဥတု၊
  • -      လေယာဉ် အတက် အဆင်းအချိန်ဇယား၊

(၄) လိုအပ်တဲ့ အသုံးအဆောင်များ
  • -      ခြင်မကိုက်ဆေးရည်
  • -      ဦးထုပ်၊ ထီး၊ မိုးကာ
  • -      ရေဗူး၊ အစားအသောက်၊
  • -      ထိုင်စရာ၊ ခင်းစရာ
  • -      အင်တာနက်ချိတ်ထားတဲ့ ဖုန်းက မရှိမဖြစ်မဟုတ်ပေမဲ့ အလွန် အသုံးတည့်ပါတယ်။ ဖုန်းထဲကနေ ဘယ်လေယာဉ် တက်မယ် ဆင်းမယ်။ အချိန် ဘယ်လောက်လိုသေးတယ် စသည်တို့ကို ကြည့်လို့ရတော့ နားလို့ရပါတယ်။


နေရာကို ဘယ်လိုရွေးမလဲ

ဒါကိုတော့ အချက်၂ချက်ပေါ်တည်ပြီး ရွေးကြပါတယ်။
ဘယ်ပြေးလမ်းကို ဘာအတွက်သုံးနေလဲ။
တချို့လေဆိပ်တွေမှာ လေတိုက်တဲ့ လားရာ မကြာခဏပြောင်းလို့ လေယာဉ်တက်တဲ့ ဆင်းတဲ့ ဦးတည်ရာကို ပြောင်းပေးရပါတယ်။ သူတို့အခေါ်က Active runway ပေါ့
ဥပမာ မင်္ဂလာဒုံလေယာဉ်ကွင်းပြေးလမ်းကို အရှ့မြောက်ဘက်က ချဉ်းကပ်လျင် ပြေးလမ်းနံပတ်က ၂၁ ဖြစ်ပြီး အနောက်တောင်ဘက် (စော်ဘွားကြီဂကုန်းဘက်က) ကချဉ်းကပ်လျင်တော့ ပြေးလမ်းနံပတ်က ၀၃ ဖြစ်သွားပါတယ်။ Active runway 21 ဆိုလျင် လေယာဉ်တွေ မြောက်ဥက္ကလာဘက်ကဆင်းပြီး စော်ဘွားကြီကုန်းဘက်ကိုပျံ တက်ပါတယ်။ Active runway 03 ဆိုလျင် ပြောင်းပြန်ပေါ့။

အဆင်းလား အတက်လား
ကိုယ်က ဆင်းတဲ့ လေယာဉ်တွေကိုရိုက်မှာလား တက်တဲ့ လေယာဉ်တွေကိုရိုက်မှာလားဆိုတာပေါ်တည်လို့ Active runway ရဲ့ ဘယ်နားက စပေါ့မှာစောင့်မလဲဆိုတာ‌ရွေးရပါတယ်။

အတက်

လေယာဉ်တွေ ဆင်လျင်း ပြေးလမ်း ဆုံးနားက စဆင်းပေမဲ့ ပျံတက်လျင်တော့ လေယာဉ်အရွယ်ပေါ်တည်လို့ ပြေးလမ်း အဆုံးကနေ စ တက်တာရှိသလို အလယ်နားက စပျံတက်တာလည်းရှိပါတယ်။ ဘိုးအင်း ၇၃၇ တို့ အဲယားဘတ်စ် အေ၃၂၀ တို့လို့ အလတ်စားတွေ ပြေလမ်းအစက စပြေးပေမဲ့ ပြေးလမ်း တဝက်လောက်မှာတင် လေထဲပျံတက်သွားပြီးလိုရာကို ကွေ့သွားပါတယ်။ အဲဒီအခါမှာ ပြေးလမ်း အဆုံးနားကစောင့်နေတဲ့ စပေါ့တာ အနေတဲ့ အတော်ဝေးဝေး မြင့်မြင့်ကိုရောက်သွားတဲ့လေယာဉ်ရဲ့ ပုံပဲရပါတယ်။ ပြေးလမ်းတဝက်လောက်ကနေစောင့်ရိုက်လို့ရလျင် ပုံကောင်းရပါတယ်။ ဘိုးအင်း ၇၇၇ လို ၇၄၇ လို, အဲယားဘတ်စ် အေ ၃၈၀၊ အေ၃၅၀ လို လေယာဉ်အကြီးစားတွေကတော့ ပြေးလမ်း လေးပုံသုံးပုံလောက်ကနေမှပျံတက်ကြတာများပါတယ်.
အတက်မှာ လေယာဉ်ဟာအရှိန်မြှင့်ထားပြီး ၁၅ ဒီကရီ မော့တက်လို့ ကိုယ့်မြင်ကွင်းရိုက်ကွက်ထဲမှာ ခဏပဲမိပါတယ်။ ဒါပေမဲ့ အတက်ကိုအောက်ကနေပင့်ရိုက်တဲ့အခါ လေယာဉ်ဘီးခေါက်တဲ့ အဆင့်တွေကို ပုံထဲမှာ မိနိုင်ပါတယ်။




အတက် ပြေးလမ်း အစမှာရိုက်လျင်တော့ ပြေးလမ်းပေါ်ကွေ့တက်တာ အရှိန်တင်တာ တို့ကိုရနိုင်သလို ပြေးလမ်းမှာရေရှိနေလျင် ရေမှုန်များဖွားသွားတာလည်းရနိုင်ပါတယ်.


အဆင်း
အဆင်းဘက် ပြေးလမ်းအစနားမှာစောင့်လျင်တော့ လေယာဉ်က အရှိန်လည်းလျော့ထားလို့ လေထဲကလေယာဉ်ရဲ့ အနီးကပ်ပုံကောင်းကောင်း ရပါတယ်။ အဆင်းကို ပြေးလမ်းပေါ်အထိရိုက်နိုင်လျင်တော့ ဘီးက ပြေးလမ်းကိုထိပြီး မီးခိုးတွေထွက်တာ၊ ဘီးထိပြီး ခုန်သွားတာ၊ Air break ဖွင့်တာ  Thrust Reversal ခေါ် အင်ဂျင်တွန်းအားကို ပြောင်းပြန် ကန်စေပြီး အရှိန်သတ်တာတွေကိုပါ ရနိုင်ပါတယ်။
မိုးရွာ‌နေတုန်း ဆင်းလာတဲ့ လေယာဉ်ကိုပြေးလမ်းပေါ်မှာ ဗွီဒီယိုရိုက်လို့ရလျင် Thrust Reversal ဖွင့်တဲ့ အခါ ဂျက်တွန်းအားက ပြောင်းပြန်တွန်းတော့ အင်ဂျင်အနားမှာ ရေမှုန်တွေ ဖွားသွားတာကိုတွေ့ရနိုင်တယ်ဆိုပါတယ်။  






ကွင်းထဲ

ကွင်းထဲက ပုံတွေကတော့ လေယာဉ် တက်စီ ( Taxi) လုပ်တာ, ဂိတ်ထိုးတာ၊ ဂိတ်ကထွက်ပြီး ရာဒါ ( Redder) တို့ အေလာရွန် ( Aileronတို့  အဘ်လီဗေတာ( elevator) စပွိုင်လာ ( spoiler) တို့ကို စစ်ဆေးတာ၊ ကွင်းထဲက ဝန်ထမ်းတွေ လေယာဉ် အတက် အဆင် ပြင်ဆင်တာ တွေ ဗွီဒီယိုမှတ်တမ်းတင်လို့ကောင်းပါတယ်။







သာမန်လူတွေကတော့ ဒီလေကြောင်းလိုင်းက ဒီလေယာဉ်အမျိုးအစား ဆိုတာလောက်ပဲသိပေမဲ့ ဝါသနာရှင်တွေကတော့ မျိုးတူလေယာဉ်ပေမဲ့ တစီးချင်းစီကိုသေချာမှတ်တမ်းယူကြပါတယ်။ လေယာဉ်မောင်းခန်းဘေးမှာရေးထားတဲ့ လေယာဉ် အမည်၊ သီးသန့်ဆေးခြယ်ထားတဲ့လေယာဉ် ( special livery) စသည်ဖြင့်ပေါ့၊ ရှားပါးလေယာဉ်တွေတွေ့ရင်တော့ အကြိုက်ပေါ့။ ဥပမာ ဘိုးအင်း၇၄၇ ဂျမ်ဘိုဂျက် ခရီးသည်တင်လေယာဉ်တွေ မရှိသလောက်ရှားသွားပါပြီ။ ကုန်တင် ၇၄၇ တွေပဲကျန်ပါတယ်။ နောက်ပေါက် plane spotter တွေ အနေနဲ့ အနားယူသွားတဲ့ ဘိုးအင်း၇၂၇ တို့ DC 10 တို့ကို တကယ်ပျံနေတာ မတွေ့နိုင်တော့ပါ။ အာရှမှာတော့ ရုရှားလုပ်လေယာဉ်တွေလည်းတွေ့ရခဲပါတယ်။ အပြည်ပြည်ဆိုင်ရာလေယာဉ် ကွင်းကြီးတွေမှာ ဒေသတွင်းသုံး ပန်ကာတပ်လေယာဉ်ငယ်တွေ  ATR တို့ တွင်အော်တာတို့ ဖေါ်ကာ F50 တို့တွေ့ရခဲပါတယ်။ စစ်လေယာဉ်တွေကိုတော့ တခါတလေ ရှားရှားပါးပါးတွေ့ရပါတယ်။








ဒီဝါသနာမျိုးက လေယာဉ်မဆင်းတဲ့နယ်ကလူတွေ အတွက် မလွယ်ကူသလို အချိန်လည်းကုန် အလုပ်လည်းရှုပ်ပေမဲ့ ဖုန်းထဲကဂိမ်းဆော့တာထက်တော့ ပိုကောင်းသေးတယ်ပြောရလေမလား။

ဖိုးသုည

No comments:

Post a Comment

#Hello_Max ! #Ready_to_wake_up ? အင်ဒိုနီးရှား Lionair နဲ့ အီသီယိုးပီးယားအဲယားလိုင်း လေယာဉ်တွေပျက်ကျပြီးနောက် ၂၀၁၉ မတ်လလယ်ကစပြီးမြ...